ဇမ္ဗူသီရိ ဒီဇင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း၊ လူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နီလာစိုးက “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)က “လူငယ်နှင့်စာဖတ်သည့်အလေ့အထ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ကဗျာများအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြပြီး လူငယ်ရေးရာနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)