နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁

ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ အားကစားဝါသနာရှင်များ၊ မသန်စွမ်းအားကစားသမားများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစား ပြိုင်ပွဲတွင် သက်ငယ်တန်း မီတာ ၅၀ အပြေးပြိုင်းပွဲ၊ သက်ကြီးတန်းမီတာ ၁၀၀ အပြေးပြိုင်းပွဲ၊ ဘီးတပ် ကုလားထိုင်စီး မီတာ ၅၀ အပြေးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နှစ်ဘာသာဂုဏ်ထူးရှင် မသန်စွမ်း မစန်းသီတာထွန်းအား ပညာရည်ထူးချွန်ဆုကိုလည်းကောင်း၊ မသန်စွမ်းသီချင်းဆိုပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မသန်စွမ်းသမီးငယ်မှ ကပြဖျော်ဖြေမှုနှင့် မသန်စွမ်းသီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိကြသူများက သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲတွင် သီချင်းဆိုပြိုင်ပွဲ(ကျား၊ မ)၊ သက်ငယ်တန်း မီတာ ၅၀ အပြေးပြိုင်ပွဲ(ကျား၊ မ)၊ သက်ကြီးတန်းမီတာ ၁၀၀ အပြေးပြိုင်းပွဲ(ကျား၊ မ)၊ ဘီးတပ်ကုလားထိုင်စီး မီတာ ၅၀ အပြေးပြိုင်ပွဲ(ကျား၊ မ) ပြိုင်ပွဲများတွင် မသန်စွမ်းအားကစားသမား စုစုပေါင်း ၇၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင် အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း၊ လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/အပြင်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ရွက်ရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်တွင် အမြဲမပြတ်သန့်ရှင်းစေရေးဆောင်ရွက်ရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)