နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့် တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှုကာလဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်အနေဖြင့် “အမျိုး သမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီး ဆောင်ပုဒ်၏ အဓိက အလေးပေးလိုသည့် အချက်အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍများတွင် အားလုံးပါဝင် ရင်းနှီးမြှုပ်နှံကြရန်ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ရပ်ဖြစ်ရာ ကမ္ဘာတစ်ဝန်းလုံးတွင် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး မိမိတို့အားလုံက အတူတကွစုပေါင်းပြီး တာဆီးကာကွယ်ရမှာဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းသည် ပိုမိုလုံခြုံသော၊ ပိုမိုတန်းတူညီမျှမှုရှိသော၊ ပိုမိုငြိမ်းချမ်းသာယာသော ကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသည့် ခြေလှမ်းများဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးပြီး အသိအမှတ်ပြုပေးခြင်း၊ အမျိုးသမီးများကြုံတွေ့နေရသည့် အခက်အခဲ အတားအဆီးများကို ဖြေရှင်းပေးခြင်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကြုံတွေ့ရပါက ဥပဒေဖြင့် အကာအကွယ်ရယူမှု၊ တရားရေးဆိုင်ရာဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများသည် အကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်အတိုင်း  အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများ လွယ်လင့်တကူ လက်လှမ်းတစ်မီရရှိနိုင်ရေး ကဏ္ဍအသီးသီးတွင် အားလုံးပါဝင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးကို ဦးတည်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Video Clip ကိုပြသပြီး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူငယ်ရေးရာ ဦးစီးဌာနမှ Dancer အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)