လှိုင်သာယာ (အရှေ့ပိုင်း) ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် (၉) နာရီ၌ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) အားကစားခန်းမ၌ လူငယ်စကားဝိုင်းကျင်းပသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဟိန်းအောင်က ကျေးဇူးတင်စကားပြောကြား၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူနှင့် ကျောင်းအုပ်ဆရာကြီးတို့မှ ဦးဆောင်ဆွေးနွေးကာ လူငယ်နှင့် စာပေခေါင်းစဥ်ဖြင့် Grade 9 (D) မှ မောင်မိုးထက်မြက်ကလည်းကောင်း၊ လူငယ်နှင့် နည်းပညာခေါင်းစဥ်ဖြင့် Grade 9 © မှ မသဒ္ဒါအောင်ကလည်းကောင်း၊ လူငယ်နှင့် ပညာရေးခေါင်းစဥ်ဖြင့် Grade 9(A)မှ မောင်ရွှိုင်းလင်းထွဋ်ကလည်းကောင်း၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့် Grade 9(C)မှ မဇွန်နှင်းသက်ကလည်းကောင်း၊ လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့် Grade 9(D)မှ မကြယ်စင်သွန်းကလည်းကောင်း၊ လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဥ်ဖြင့် Grade 9 (B)မှ မောင်ထက်ပိုင်ကျော်တို့ကလည်းကောင်း ခေါင်းစဉ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးခိုင်မင်းကိုနှင့်မြို့နယ်ပညာရေးမှူး ဦးကျော်သိန်းထွန်းတို့မှ ဂုဏ်ပြုငွေနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပြီး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၅၀) ကျော် တက်ရောက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြသခြင်း၊ သုတ၊ ရသစာအုပ်များ ဖတ်ရှုခြင်းနှင့် စကားပုံဆက်ပြိုင်ပွဲများ ကစားခြင်းတို့တွင် ပါ၀င်ကြသော ကျောင်းသား၊ကျောင်းသူများကို စာအုပ်နှင့်စာရေးကိရိယာပစ္စည်းများ ချီးမြှင့်လျက်ရှိသည်။
ခင်ဝင်းမူ(ပြန်/ဆက်)