မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မှော်ဘီ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ(၂၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများကကွင်းဆင်းကာ ကြည့်ရှုစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင်လည်း မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်၊ မှော်ဘီမြို့နယ်မြို့နယ်ဦးစီးမှူးဦးတင်စိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများနှင့်အဖွဲ့သည် ပက်တန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၅၀)၊ မြစိမ်းရောင် အတိုးရငွေကျပ်(၆၄)သိန်းနှင့် ကျေးရွာပြည်သူလူထုထည့်ငွေကျပ်(၁၀)သိန်းတို့ စုစုပေါင်းငွေကျပ်(၂၂၄)သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည်(၁၂၀၀)ပေ၊ အကျယ်(၁၀)ပေ၊ (၆)လက်မထုခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီးကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံကာလမ်းအရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးရေးနှင့် မိမိတို့ကျေးရွာတွင်းလမ်းကြာရှည်တည်တံ့ ကောင်းမွန်စေရေးထိန်းသိမ်း ဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

မှော်ဘီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတိုးတက်ရေးလုပ်ငန်း(၁၄)ခုကို ကျေးရွာ(၁၄)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းခြင်း လုပ်ငန်းကိုကျေးရွာ(၁၂)ရွာနှင့်ကျေးရွာတွင်းဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာ(၂)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)