ဒက္ခိဏသီရိမြို့နယ် အ.ထ.ကခွဲ (ရန်အောင်မြင်)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်း ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အ.ထ.ကခွဲ (ရန်အောင်မြင်) ကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကား ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာပေလေ့လာဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့် ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်  စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် အယူအဆ အသိအမြင် မှန်ကန်စေ​ရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေ​ရေး စသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာမှာ လွန်စွာထိရောက်ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး ယနေ့လူငယ်များသည် ဗလငါးတန်နှင့်ပြည့်စုံ၍ အရည်အချင်းကောင်းများရှိမှသာ တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအေး နှင့် ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကြသည်။

အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)