မိုင်းယုမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး ဟောပြော

မိုင်းယု ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဝမ်လုံကြွမ်းတောင်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် မီးခိုးမြူငွေ့ကင်းစင်ရေးအဖွဲ့ခေါင်းဆောင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူးဦးလောထွေးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မူလဇစ်မြစ်အကြောင်းအရာ၊ မီးလောင်မှုဇစ်မြစ် အကြောင်းအရာများနှင့် ကျရောက်စေသော ရောဂါလက္ခဏာများ စသည့်တို့ကို ဟောပြောခဲ့သည်။

ထို့နောက် အဖွဲ့ဝင် မိုင်းယုနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်ဇင်က လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံ၏ မီးခိုးမြူငွေ့အခြေအနေများနှင့် တောင်ယာများ၊ တောမီးများ မိမိတို့ပေါ့ဆမှုကြောင့် လောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ရရှိမည် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့ပြီး ယင်းဟောပြောပွဲသို့ မိုင်းယုမြို့မရပ်ကွက်ရှိ ဒေသခံတောင်သူတို့ တက်ရောက်ခဲ့ကြကာ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်