ပုဗ္ဗသီရိ ဒီဇင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြန်မာ့နိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အကြို လှုပ်ရှားမှုအဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်နေစဉ်အချိန်နှင့် မွေးဖွားပြီးအချိန်များတွင် သိသင့်လိုက်နာသင့်သော ကျန်းမာရေးအချက်အလက်များအား အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့၊ ကျည်တောင်ကန် ကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်သူနာပြုအဆင့်-၁ ဒေါ်မိုးမိုးခိုင်က ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာရမည့် ကျန်းမာရေး အသိပညာများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ အခြေခံကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန် စမ်းသပ်စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် လိုအပ်သော ကိုယ်ဝန်ဆောင် အားဆေးများပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့၏ အမျိုးသားများအား သွေးဖောက် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)