နမ့်စန်(တ) ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့တို့က အားကစားသစ္စာအဓိဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲပွဲစဉ်အဖြစ် အမှတ်(၅)ရပ်ကွက်(ခ) ဘောလုံးအသင်းနှင့် လွယ်ယင်း အ.ထ.က(ခွဲ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက် ၂ဂိုးစီဖြင့် သရေကျခဲ့သည်။
အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၁၅)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)