တာချီလိတ်မြို့ အ.ထ.က(တာချီတ်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အ.ထ.က (တာချီလိတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလှက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုးဦးသန်းဇော်ဦးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ခိုင်လင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Grade 11 ကျောင်းသား မောင်ရဲခေါင်ဝင်းမြင့်က “လူငယ်နှင့်ကျန်းမာရေး”၊ မောင်ဥက္ကာကျော်က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ ကျောင်းသူ နန်းခင်အိမ်သူဇာက “လူငယ်နှင့်ပညာရေး”၊ မဖြိုးငြိမ်းစံက “လူငယ်နှင့် စာဖတ်ခြင်း"၊ မလှဧကရီဖြိုးက “လူငယ်နှင့်အောင်မြင်ရေး”စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)