မုံရွာ ဒီဇင်ဘာ ၁
တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများအားလုံး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အမှတ်တရပစ္စည်းဆိုင်များနှင့် MSMEs လုပ်ငန်းများအားလုံးအတွက် အကျိုးအမြတ်များ ရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁၁/၂၀၂၃ အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်များ၏ တင်ပြချက်၊ လိုအပ်ချက် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွား လုပ်ငန်းသည် ကဏ္ဍများစွာနှင့် ပတ်သက်ဆက်နွယ်မှု ရှိသည့်အတွက် ပါဝင်လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍအားလုံးအတွက် အကျိုးအမြတ်ရှိစေမှာ ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် စီးပွားရေးအား အထောက်အကူပြုသည်သာမက ခရီးသွားများနှင့် ဒေသခံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေး မှုအမွေအနှစ်၊ သဘာဝအမွေအနှစ်များကိုလည်း ထိန်းသိမ်းရာ ရောက်သည့်အတွက် အရေးပါသည့်ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာများ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် လိုက်လျောညီထွေရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်းအဖြစ် အောင်မြင်လာမှာ ဖြစ်ပါကြောင်း၊ ကော်မတီ အဖွဲ့ဝင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ ၁၀/၂၀၂၃ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်