ဗန်းမော် ဒီဇင်ဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခေတ်မီစံပြ ကျေးရွာရှိလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာ၊ မြစိမ်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးမှ သင်တန်းဖွင့်ပွဲ အမှာစကား ပြောကြားတွင် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် MSME လုပ်ငန်းများ ပေါ်ထွန်းလာစေပြီး ကျေးလက်နေပြည်သူများ ဝင်ငွေတိုးလာစေရန် ကျေးရွာရှိ ပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် မံရေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ထူးချွန်သင်တန်းသား(၃)ဦးကို လက်သုံးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁၅) ရက်တွင် စာတွေ့ ၂၀% နှင့် လက်တွေ့ ၈၀% သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတက်ရောက် အောင်မြင်သူ များအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုပါက ဌာနမှ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်