ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံ လှိုင်လှိုင်ပေါ်ချိန် ဧရာမင်းစပါးတစ်တင်း ငွေကျပ် ၂၃၀၀၀ ဈေးဖြင့် ရောင်းချနေရ၍ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး စပါးများ လှိုင်လှိုင်ပေါ်ချိန် ဧရာမင်းစပါးဈေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ် ၂၃၀၀၀ ဈေးဖြင့် အရောင်းအဝယ် ကောင်းမွန်နေ၍ မြို့နယ်အတွင်းရှိ ဧရာမင်းမိုးစပါး စိုက်ပျိုးတောင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

"ကျွန်တော်တို့ ဒေသမှာ မိုးစပါးစိုက်ခင်းတွေဟာ အသီးများ ရင့်မှည့်လာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဆောင်းသီးနှံ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလ ပထမပတ်ကစပြီး ရိတ်သိမ်းခြွေလှေ့စက်များနဲ့ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ဒီနှစ်က ကျွန်တော်တို့ဒေသမှာ ဧရာမင်းစပါး စိုက်ပျိုးတောင်သူတွေဟာ ယခင်နှစ်ကထက် ဈေးကောင်းရရှိတယ်။ ယခင်နှစ်က မိုးစပါးသီးနှံပေါ်ချိန်မှာ ဧရာမင်းစပါးဈေးက တစ်တင်းကို ငွေကျပ် ၁၄၀၀၀ ဈေးပဲ အရောင်းအဝယ်ရှိခဲ့တယ်။ ဒီနှစ်မှာ ပေါ်ဦးပေါ်ဖျား ဧရာမင်းစပါး တစ်တင်းကို ငွေကျပ် ၂၃၀၀၀ ဈေးနဲ့ ရောင်းချရလို့ ဒေသခံတောင်သူတွေ လုပ်ငန်းအဆင်ပြေကြတယ်။ နောက်ပြီး ဒီနှစ်မှာ မိုးစပါးစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလဲ ကောင်းကြတယ်ဗျ။ တစ်ဧကကို ပျမ်းမျှ စပါးတင်းရေ ၉၀ ကျော် ထွက်ရှိတယ်။ ကျွန်တေ်တို့ဒေသမှာ အဓိကစိုက်ပျိုးတဲ့ မိုးစပါးမျိုးတွေကတော့ ဧရာမင်း၊ ပခန်းရွှေဝါ၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ၊ မနောသုခ၊ ဧရာပဒေသာ စတဲ့ စပါးမျိုးများကို စိုက်ပျိုးကြတာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၆၉၉၄၄ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ မိုးစပါးစိုက်ပျိုးထားရှိမှုစာရင်းများအရ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)