ပြည် နိုဝင်ဘာ ၃၀
၂၀၂၃ခုနှစ် နိုဝင်ဘာ ၂ဝ မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၄) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲတို့၏ အောင်ပွဲနှစ်ရပ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ည ၈ နာရီက ရွှေဆံတော်စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး ကိုးပါးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်၊ ဒေသကွပ်ကဲရေးမှူး (ပြည်)ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ဂေါပကအဖွဲ့ဝင်များက မြတ်စွယ်တော်တိုက်မှန်ကျောင်းဆောင်တော်အတွင်းမှ ပတ္တမြားစေတီတော်၊ မူလကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ယာယီကိန်းဝပ်စံပယ်တော်မူလျက်ရှိသော စိန်စေတီတော်တို့ကို အခမ်းအနားကျင်းပရာရှိ ယာယီပလ္လင်တော်များပေါ်သို့ ပင့်ဆောင်ကြသည်။
ထို့နောက် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက် ဦးစီးပဓာနမဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တနာဂဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဂေါပကအဖွဲ့ဝင် ဦးဆန်းအောင်က ပွဲတော်ရက်အတွင်း အလှူငွေနှင့် ရတနာပစ္စည်းများ လှူဒါန်းရရှိမှုစာရင်းအား ဆရာတော်ကြီးများထံ လျှောက်ထားတင်ပြပြီး လှူဒါန်းမှုအစုစုတို့အတွက် ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက ဘဒ္ဒန္တကုမာရဆရာတော်ဘုရားကြီးက အနုမောဓနာတရားချီးမြှင့်တော်မူပြီး ဝေနေယျသတ္တဝါအပေါင်းအား ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်နှင့် ပတ္တမြားစေတီတော်၊ မူလကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်၊ စိန်စေတီတော်တို့ကို တစ်နှစ်တာ ပြန်လည်ကိန်းဝပ်စံပယ်တော်မူသည့် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ပူဇော်ကြပြီး အောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ပိတ်သိမ်းကာ ဝတ်သင်းများက "ဒိသာဖရဏ"ဆုတောင်းမေတ္တာပို့သကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)