မန္တလေးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/MFF'' C  '' Diploma Coaching Course သင်တန်း ဆင်းပွဲကျင်းပ

မဟာအောင်မြေ  နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်အားကစားကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/MFF'' C  '' Diploma Coaching Course သင်တန်းဆင်းပွဲကို နိုဝင်ဘာ(၂၉)ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဘုန်းညွန့်ကို၊မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့် ဘောလုံးနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း(၃၅)ဦး တက်ရောက်၍ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဘုန်းညွန့်ကိုက AFC/MFF '' C '' Diploma Coaching Course သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် (၁၈)နှစ်အထက် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံမှ အားကစားသမားဟောင်းများအားခေါ်ယူ၍ လေ့ကျင့်သင်ကြားပေးကြောင်း၊ သင်တန်းတက်ရောက်လာကြသော မန္တလေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား/သူများအနေဖြင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားပေါ်ထွန်းလာရေး၊ ကိုယ့်မြို့နယ်အလိုက် အားကစားသမားများမွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အားကစားသည် အထူးကဏ္ဍတစ်ခုအဖြစ် ပါဝင်ရပ်တည်နေကြောင်း ယခု ''C'' လိုင်စင် တက်မြောက်မှ ''B'' လိုင်စင်၊''A''လိုင်စင်များအဆင့်အထိ တက်လှမ်းနိုင်ပြီးနိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မည်ဖြစ်ကြောင်း စသည်များပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်သည့် AFC/MFF'' C  '' Diploma Coaching Course သင်တန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ ရွှေမန်းတောင်အားကစားကွင်း၌ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း