အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေး (Women Self- defense) ကိုယ်လုံပညာ သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေး  နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုကာကွယ်ရေး (Women Self- defense) ကိုယ်လုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ‌ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မမနှင့်နာယကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ မဟာအောင်မြေခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကက သင်တန်းနည်းပြဆရာများအားဂုဏ်ပြုဆုငွေ ပေးအပ်ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ အမှတ်တရလက်ဆောင်များပေးအပ်ကြသည်။  ထို့နောက် ကိုယ်လုံပညာ သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့သည် သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်သော ကိုယ်လုံပညာသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတို့ကို ၁၀ ရက်ကြာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခရိုင်တို့တွင် ကျောင်းသူ ၃၅၂ ဦးအား ယခုကဲ့သို့ ကိုယ်လုံပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ ကြောင်းသိရသည်။

မြင့်မော်ထွန်း