လားရှိုး နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ယမန်နေ့က ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင်အလှူရှင်များက ထမင်းထုပ်များ ရေသန့်ဘူးများ ပေးဝေလျက်ရှိကြောင်း သိရသည်။
လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ သိန္နီမြို့များမှ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမား အများအပြားသည် ယာယီနေရပ်စွန့်ခွာရန် တောလမ်းများမှတစ်ဆင့် လားရှိုးမြို့သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“လောက်ကိုင်ဘက်ကနေ လားရှိုးကို အခက်အခဲမျိုးစုံကို ဖြတ်သန်းပြီး ရောက်လာခဲ့ကြတဲ့ ယာယီနေရပ်စွန့်ခွာသူတွေကို တတ်စွမ်းသမျှအလှူပြုပေးနေတာပါ။ ကျွန်တော်တို့နဲ့အတူ စေတနာရှင်အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှုဖြစ်ပါတယ်။” ဟု အလှူရှင်တစ်ဦးက ပြောပါသည်။
ယာယီနေရပ်စွန့်ခွာသူများနှင့်ရွှေ့ပြောင်းအလုပ်သမားများသည် လောက်ကိုင်ဒေသတစ်ဝိုက်တွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် လောက်ကိုင်-တာရွှေထန်-ချင်းရွှေဟော်-ကွမ်းလုံ-နားတီး-နမ့်စလပ်- စယ်အူကျေးရွာတို့မှတစ်ဆင့် တောတောင်များကျော်ဖြတ်ကာ တောလမ်းအတိုင်း လားရှိုးမြို့သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယာယီတိုက်ပွဲရှောင်အများစုသည် လားရှိုးမြို့မှတစ်ဆင့် သီပေါ -နမ့်လန်- ကျောက်ဂူ- အင်တော-ရပ်စောက်လမ်းအတိုင်း အနယ်နယ်အရပ်ရပ်သို့ ပြန်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)