နေပြည်တော် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်(ခုတင်-၃၀၀)ဆေးရုံကြီးနှင့် လယ်ဝေး(ခုတင်-၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရီမြို့နယ် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာန၌ ကျည်တောင်အုပ်စုအတွင်းမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်၊ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကုသရေးဦးစီးဌာန ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ် စာသောက်ဖွယ်ရာပစ္စည်းများနှင့် နေ့စဉ်ထုတ်သတင်းစာများအား ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။
ကျည်တောင်အုပ်စုအတွင်းမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၁၁၂ ဦး၊ မျက်စိလူနာ ၁၀၃ ဦး၊ ခွဲစိတ် ၃၅ ဦး၊ အရိုးလူနာ ၁၁၆ ဦး၊ ကလေးလူနာ ၁၂ ဦး၊ သားဖွားမီးယပ်လူနာ ၈ ဦး၊ သွား လူနာ ၁၆ ဦး၊ စုစုပေါင်းလူနာ ၄၀၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့်နှလုံးသွေးကြောရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လူနာ ၂၃ ဦးကို ကုသမှုပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်၌ ကျင်းပသည့် (၅၄)ကြိမ်မြောက်၊ တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကြီး ရေစက်ချအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန် ဩဝါဒါစရိယဆရာတော် တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီမထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက သာရဏီရ ဩဝါဒကထာနာယူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက (၅၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော် ကျင်းပရေးနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် ပဒေသာပင်ခွဲဝေမဲချလှူဒါန်းရေးနှင့်ပတ်သက်၍ ကထိန်ပဒေသာပင်စုပုံလှူဒါန်းရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌဦးဇော်လွင်က ရှင်းလင်းလျှောက် ထားသည်။
ယင်းနောက် (၅၄)ကြိမ်မြောက် မဟာဘုံကထိန် အထူးပင့်ဆရာတော် တပ်ကုန်းမြို့နယ်၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတကထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက အထူးပင့်ဆရာတော်များနှင့် ကထိန်အာနိသင်ရကျောင်းများမှ ဆရာတော် သံဃာတော်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ကထိန်အာနိသင်ရကျောင်းများ ကိုယ်စား အလှည့်ကျဆရာတော် ကြိုးကြာအင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တယုဘနန္ဒထံမှ ရေစက်ချအနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းကြသည်။
ယနေ့ တပ်ကုန်းမြို့နယ် (၅၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် ပဒေသာပင်များ ၁၅၇ ပင်၊ စုစုပေါင်းတန်ဖိုး ၁၄၁၉၇၉၇၆၀ ကျပ် လှူဒါန်းရာ တာဝန်ရှိသူများက အထူးပင့်ဆရာတော်များနှင့် ကထိန်အာနိသင်ရ ကျောင်းများမှ ဆရာတော်များအား မဲနှိုက်၍ ခွဲဝေလှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)