လွိုင်လင်မြို့တွင် ရောက်ရှိနေသည့် လွိုင်ကော်မြို့ စိန်မာတင်ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာမှတိုက်ပွဲ‌ရှောင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် စားရိက္ခာများ ထောက်ပံ့ပေးအပ်

လွိုင်လင် နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာဘုရားရှိခိုးကျောင်းတွင် ရောက်ရှိနေသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် စိန်မာတင်ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာမှ တိုက်ပွဲ‌ရှောင် သက်ကြီးဘိုး/ဘွား ၂၇ ဦးနှင့် သီလရှင်များ၊ ပြုစုစောင့်ရှောက်သူများ၊ ကလေးငယ်များစုစုပေါင်း ၄၂ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စာရိက္ခာများထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ဟိုခိုက်ကျေးရွာ ယာယီနားခိုဆောင်တွင် ပြုလုပ်ဆောင်ရွက်ပေးပါသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လွိုင်လင်ခရိုင်ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် လွိုင်လင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆန်၊ ကြက်ဥ၊ ကွေကာအုပ်နှင့် အခြားအာဟာရများကို ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)