မက်မန်း နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မက်မန်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင်“မက်မန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် စံပြဝက်များမွေးမြူခြင်း၊ ဒေသဝက်များမွေးမြူခြင်းနှင့် ဥစားကြက်များမွေးမြူခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် ကုန်မြင့်လယ်ယာများဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို အဘက်ဘက်မှဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများကလုပ်ငန်းနှင့်ပတ်သက်သော အချက်အလက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)