ဗိုလ်တထောင် နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၀၉း၃၀ နာရီအချိန်က ဗိုလ်တထောင်မြို့ အမှတ်(၄) ရပ်ကွက်၊ (၅၅)လမ်း အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ဗိုလ်တထောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းများအောင်မြင်စေရေး၊ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်စေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်တစ်လနှစ်ကြိမ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ လုံခြုံရေးအထူးဂရုပြုရန်၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးဂရုစိုက်ကြရန်၊ ခရီးသွားမြို့နယ်အတွင်းရှိ ပြည်သူများကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေးအလေးထားဆောင်ရွက်ရန်လိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်က (၂၉-၉-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော လုံခြုံရေးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃)နှင့် (၃-၁၁-၂၀၂၃)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (မင်္ဂလာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၃)၏ ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြခြင်း၊ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီးကျော်ထွန်းက ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေးနှင့် ယခုလက်ရှိအခြေအနေတွင် လူလုံခြုံရေး၊ ရုံးလုံခြုံရေး၊ စာရွက်စာတမ်းများ လုံခြုံရေးအထူးဂရုပြုရန်ကိုလည်းကောင်း၊ ခရိုင်အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်က ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာနှင့် လူမှုရေးများအကြောင်းဆွေးနွေးခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြီးလှဘုန်းကျော်မှ လုံခြုံရေးအထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း လုံခြုံရေးမှာလည်း ပြည်သူများက ဝိုင်းဝန်းကူညီပေးရန်လိုပါကြောင်း၊ လုံခြုံရေးအထူးဂရုစိုက်ရန် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်အတွင်း မှုခင်းကိစ္စရပ်များမဖြစ်ပွားအောင် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းပေးကြရန်နှင့် မှုခင်းကိစ္စရပ်များဖြစ်ပေါ်လာပါက အချိန်မီဆက်သွယ်သတင်းပေးပို့ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
၎င်းနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြခြင်း၊ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်သူ၊ အဖွဲ့ဝင်(၂)ဦးအောင်မိုးကျော်၊ အဖွဲ့ဝင်(၃)ဦးအောင်တင်ရွေ၊ အတွင်းရေးမှူး ရဲမှူးဇော်ဆွေ၊ တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် အခက်အခဲများ အသီးသီးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)