ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး ပွဲတော်တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်သော အင်အားစုများဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

‌ရှေးဦးစွာ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲ‌တော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမအတွင်း ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရ မည့် လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်များ ဗလငါးတန် ပြည့်စုံဖွံ့ဖြိုးရေးအတွက် စာပေအသိပညာဗဟုသုတများ တိုးတက်ရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်စေရေးအတွက် ယနေ့ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး ကျင်းပ ပေးခြင်းဖြစ်သည့်အပြင် အယူအဆများ ထက်မြက်ပြီး တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်များ တိုးတက်ရရှိစေမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဗလငါးတန်နှင့်ပြည့်စုံပြီး စွမ်းရည်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရေး လူငယ်ရေးရာမူဝါဒပါ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်ကို နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပွဲတော်ပြုလုပ်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များက တေးသရုပ်ဖော်အကအလှများ၊ တိုင်းရင်းသားအကအလှများ၊ ဂျူဒိုအားကစားအဖွဲ့၊ မြန်မာ့သိုင်းအားကစားအဖွဲ့တို့၏ လေ့ကျင့်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး ပွဲတော်အတွင်း ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ပါဝင်ဆင်နွှဲခွင့်ရရှိရေး ပြုလုပ်ကျင်းပပေး ထားသည့် ပန်းချီပြိုင်ပွဲ၊ ဆေးရောင်စုံခြယ်ပြိုင်ပွဲနှင့် ဘောလုံးကွင်းအတွင်း အခြေခံပညာကျောင်းများအလိုက် ခင်းကျင်းပြသသည့် သင်ထောက်ကူပစ္စည်းပြခန်းများ၊ နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်ငှားရမ်းဖတ်ရှုနေမှုများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ သုတ/ရသစာအုပ် စာစောင်ပြခန်းများ၊ အားကစားနည်းများဖြင့် ပျော်ပွဲရွှင်ပွဲများဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စကားပုံဆက်နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆုရသူများကို ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ညနေ ၃ နာရီတွင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အထက်တန်း အဆင့်စကားလုပြိုင်ပွဲ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပွဲတော်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အဓိကပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်/ကောလိပ်ပေါင်းစုံ စကားရည်လုပွဲတွင် ဆုရအသင်းများနှင့် တစ်ဦးချင်းဆုရသူများအားလည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ပန်းချီးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲဆုရရှိသူများအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)