ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟိုပုံး နိုဝင်ဘာ ၃၀ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင် မီးထွန်းပွဲတော်ကျင်းပမည့် အခြေနေများ၊ ကြိုတင်ပြင်ဆင်မည့် အခြေအနေများ၊ စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံလွှတ်တင်မည့် အခြေအနေများ၊ မီးပဒေသာလှည့်လည်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ဗိုလ်မှူးဖြိုးနိုင်ဦးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မီးပုံးပျံငယ်လွှတ်တင်ပူဇော်ခြင်း၊ မီးပဒေသာလှည့်လည်ခြင်း၊ စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံများ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)