မိုးညှင်း နိုဝင်ဘာ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းကာလနှစ်လအတွင်း အသိပညာဗဟုသုတများတိုးပွားလာပြီး အင်္ဂလိပ်စကားလုံး အသုံးအနှုန်း အသစ်များရရှိခြင်း၊ Grammer ပိုင်းဆိုင်ရာ အသိပညာများ တိုးပွားလာခြင်း၊ အင်္ဂလိပ်စကားပြော အသုံးအနှုန်းများကို ဆက်လက်လေ့လာ ဆည်းပူးကြရန်နှင့် ဘယ်ဘာသာရပ်မျိုးကိုမဆို လေ့လာကြိုးစား အားထုတ်ကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်တန်းဆရာ ဦးအောင်မင်းသူအား ခရိုင်ဦးစီးမှူးက အမှတ်တရလက်ဆောင် ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ခရိုင်ကြီးကြပ်မှုအောက်ရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် အောက်တိုဘာ (၂)ရက်မှ နိုဝင်ဘာ(၃၀)ရက်အထိ နှစ်လကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း