သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

သံတွဲ နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအနေဖြင့်  အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုနိုင်စေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁၄း၃၀ နာရီက သံတွဲခရိုင်နှင့် မြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ/ရသ စာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့သည့်အပြင် အသင်းဝင်ကတ်များကိုလည်း အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသူများအတွက် ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)