ရွှေပြည်သာမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အမျိုးသားဘောလုံးအသင်းနှင့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရွှေပြည်သာ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးဦးမြင့်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ရွှေပြည်သာမြို့နယ် ဘောလုံးအသင်းမှ တံခွန်စိုက်ဒိုင်းဆုအပ်နှံရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက လက်ခံရယူသည်။

ဆက်လက်၍ ဆုရရှိခဲ့သူများနှင့် တာဝန်ရှိသူများအား   မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဆုရရှိခဲ့သူများနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး အောင်ပွဲရအားကစားသမားများနှင့် ရွှေတံဆိပ်ဆုရရှိခဲ့သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်ကြသူများအား ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုရရှိခဲ့သော ပြိုင်ပွဲဝင်များက အိုးစည်ဖြင့် ကပြဖျော်ဖြေပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အေးမိုး (ပြန်/ဆက်)