ရေဖြူ နိုဝင်ဘာ ၃၀
ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရေဖြူမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးမြင့်က မကူးစက်နိုင်သော ရောဂါများ ကြိုတင်ကာကွယ်ရေးနှင့်ကုသခြင်းဆိုင်ရာများ အသိပညာပေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာသူ ဌာနဆိုင်ရာများက မေးခွန်းများ မေးမြန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးမြင့်နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး/ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ခတ္တာ(ပြန်/ဆက်)