စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

စဉ့်ကိုင် နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်အတွင်းရှိ တရုတ်စုအခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် မြို့နယ်မျက်စိအထူးကုဆေးရုံနှင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ကျန်းမာရေးစောင့်​ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စဉ့်ကိုင်မြို့နယ် ကုတင်(၅၀)ဆံ့ မျက်စိရောဂါအထူးကုဆေးရုံမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာရီလင်း မျက်စိရောဂါအဖြစ်များတတ်သည့် အကြောင်းအရာများကို    အသိပညာပေး ဟောပြောခဲ့ပြီး၊     မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ     ဦးစီးအရာရှိ  ဒေါ်ယဉ်နွယ်မြင့်က ကိုဗစ်-၁၉ ရောဂါ ပြန်လည်မဖြစ်ပွားစေရေး ကျန်းမာရေးဌာနကထုတ်ပြန်ထားသည့်  စည်းကမ်းများ ဆောင်ရန်၊ရှောင်ရန်များကို ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ် ကုတင်(၅)ဆံ့ မျက်စိရောဂါအထူးကုဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာရီလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ    ဦးစီးအရာရှိ ဒေါ်ယဉ်နွယ်မြင့်နှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကြီးကြပ်အဆင့်(၁) ဦးရဲမင်းနှင့်ဝန်ထမ်းများ၊ တရုတ်စု အ.လ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီနှင့်ဆရာမများ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက အမြင်အာရုံတိုင်းတာခြင်း၊ မျက်စိပြဿနာများ ရှာဖွေစစ်ဆေးခြင်း၊ မျက်စိရောဂါကုသပေးခြင်း၊  လိုအပ်ပါကမျက်စိဆေးရုံသို့ လွှဲပြောင်းခြင်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)