အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ

ဘားအံ နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ကျား၊မ အာလူးကောက်၊ (၂၅)မီတာအပြေး၊ (၅၀)မီတာအပြေး၊ ၁၀၀ မီတာအပြေး၊ ဘီးတပ်ကုလားထိုင်စီးအပြေး၊ သံလုံးပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ် အစရှိသည့်အားကစားနည်း(၁၆)နည်းတွင် မသန်စွမ်းအားကစားသမားပေါင်း ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲတွင်ဆုရရှိသည့် မသန်စွမ်းအားကစားသမားများအား ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်အဖွဲ့များသည် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအတွက် အမြဲအသင့်ရှိနေရန်လိုပြီး ကျန်းမာရေးကောင်းမွန်ရန် သွားလာနေထိုင်စားသောက်သည်မှအစ အဓိကဂရုစိုက်နေထိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ပြည်သူ့စစ်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်တို့က ပြည်သူ့စစ်အဖွဲ့ ၂၇ ဖွဲ့အတွက် ဆန် ၈၁ အိတ်၊ ကြက်ဥ ၈၁ ကတ်၊ ခေါက်ဆွဲခြောက် ၅၄ ဖာတို့ကို ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပြည်သူ့စစ် အဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)