ညောင်ဦး နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသခေမင်္ဂဘုရား အစုအဝေးအတွင်း ဘုရားအမှတ် ၁၈၄၃ ဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်အား ဖူးမြော်ပြီး ဂူဘုရားမျက်နှာကျက်နှင့် တိုက်မအဝင်နံရံများပေါ်ရေးဆွဲထားသည့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများ ထံကသိရသည်။
ဘုရားအမှတ် ၁၈၄၃ ဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်း မကြီးဘေး အလိုတော်ပြည့်ဘုရား၏ အနောက်ဘက်တွင်တည်ရှိကာ အရှေ့ဘက်မုခ် လှည့်ဂူဘုရားတစ်ဆူဖြစ်သည်။ ဂူဘုရားလိုဏ်အတွင်း ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်တစ်ဆူတည်း ထားသည်ကို ဖူးတွေ့နိုင်ပြီး ဂူဘုရားအတွင်းတွင် နံရံဆေးရေးပန်းချီအချို့အား လေ့လာတွေ့ရှိနိုင်ကြောင်း၊ လေးထောင်ကွက်ကြီးများ၊ အဝိုင်းကွက်ကြီးများနှင့် ညောင်ရွက်ပုံအကွက်များအတွင်း ဆေးဝါ၊ ဆေးနက်၊ ဆေးညိုရောင်တို့ဖြင့် အနုစိတ်ရေးဆွဲထားသည့် နံရံပန်းချီများကို လေ့လာနိုင်သည်။ ဂူဘုရားအတွင်း လေဝင်လေထွက်ကောင်းမွန်စွာ ဝင်ရောက်နိုင်ရန်နှင့် အလင်းဝင်ရောက်မှုစနစ် ကောင်းမွန်စွာ တည်ဆောက်ထားပုံဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်းသိရသည်။
ဘုရားအမှတ် ၁၈၄၃ ဂူဘုရားပတ်လည်တွင် တည်ထားမှုပုံစံအမျိုးမျိုးသော ဂူဘုရားများ၊ စေတီပုထိုးများ၊ သာသနိကအဆောက်အဦများကိုလည်း တဆက်တစပ်တည်း လေ့လာဖူးမြော်နိုင်ကြောင်းသိရသည်။
ဒီပါလင်း