လိပ်သိုဒေသတွင် အာရေးဗီးကား (ARABICA) ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

လိပ်သို နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့်  ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူးလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသရှိ ကော်ဖီစိုက်တောင်သူများမှာ အာရေးဗီးကား (ARABICA) ကုန်းမြင့်ကော်ဖီမျိုးနှင့် ရိုဘတ်စတာကော်ဖီမျိုးများကို အဓိကထားစိုက်ပျိုးကြပြီး အာရေးဗီးကားကော်ဖီမျိုးများမှာ  စောစောရင့်မှည့်သောကြောင့် စောစောဆွတ်ခူးကြသည်။ တောင်သူအချို့မှာ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ ကော်ဖီသီးနှံဌာနခွဲတို့မှ အရည်အသွေး ကောင်းမွန်သော ကော်ဖီစေ့များ ရရှိရန် နည်းပညာ ဖြန့်ဝေပေးမှုအတိုင်း ကော်ဖီသီးများ စတော်ဘယ်ရီသီးအရောင်ရှိမှ ဆွတ်ခူးကြသော်လည်း အချို့တောင်သူများမှာ ဖြစ်သလို ဆွတ်ခူးလျက်ရှိနေကြသေးကြောင်း သိရသည်။

ကော်ဖီဈေးကွက်ခိုင်မာမှု၊ ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် တောင်သူအချို့မှာ စနစ်တကျ ဆွတ်ခူးပြီး နေလှန်းအခြောက်ခံကာ အရည်အသွေးမြှင့် ကော်ဖီစေ့များ ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသော်လည်း  အချို့တောင်သူများမှာ ဖြစ်သလို ဆွတ်ခူးပြီး အသီးအစိုအတိုင်း ပြန်လည်ရောင်းချလျက်ရှိသေးကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)