ထားဝယ် နိုဝင်ဘာ ၃၀
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြခန်းများ၊ စျေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများပြုလုပ်ရန်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အလံတင်အခမ်းအနား၊ လွတ်လပ်ရေးနေ့ အခမ်းအနားများအပြင် ပြခန်းများ၊ ဒေသမှထွက်ရှိသော MSME နှင့် ပတ်သက်သော ပြခန်းများ၊ သစ်သီးဝလံ၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ စျေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနား စနစ်တကျ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ စစ်ရေးပြ၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ပြခန်းများ ခင်းကျင်းပြသရေး၊ သစ်သီးဝလံများ ပြိုင်ပွဲကျင်းပရေး၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ အားကစားပြိုင်ပွဲများ ကျင်းပရေး စသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)