ရန်ကုန် နိုဝင်ဘာ ၂၉
လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီအချိန်က လမ်းမတော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစီအစဥ်အရ အခမ်းအနားဖွင့်လှစ်ပြီး လမ်းမတော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းကြည်က ကလေးသူငယ်များနှင့်ပတ်သက်၍ ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်အနောက်ပိုင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ပပမောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍လည်းကောင်း၊ ကလေးသူငယ်ပြစ်မှုများ အရေးယူခြင်းနှင့် ကင်းလွတ်ခွင့်ကိုလည်းကောင်း၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘ၊ အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများ၏ တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ကလေးသူငယ်ကြီးကြပ်သူ၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်