ပုဇွန်တောင် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးနှင့် လိပ်ကန်ဈေးတို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များက ဈေးတာဝန်ခံများနှင့် ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄) နည်းအား ရှင်းလင်းခြင်း၊ ဂတ်(စ်)အိုး မီးငြှိမ်းသတ်နည်းအား ရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများ အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြသခဲ့ကြပြီး ဈေးသူ/ဈေးသားများအား လက်တွေ့ဆောင်ရွက် စေခဲ့ပါသည်။
အဆိုပါ ဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသရာသို့ ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်ကျော်လွင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ဟန်စုယဉ်