မင်္ဂလာဒုံမြို့နယ်တွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်္ဂလာဒုံ နိုဝင်ဘာ ၂၉

ဗလငါးတန်နှင်ပြည့်စုံသည့် လူငယ်လူရွယ်များ ပိုမိုဖြစ်ထွန်းလာစေရန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်မှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားရာတွင် "လူငယ်များသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပတ်သတ်၍ ပိုမိုသိရှိစေရန်၊ အသိဉာဏ်ပညာကြွယ်ဝလာစေရန် ဟော​ပြောပွဲကို ကျင်းပရခြင်းဖြစ်သည်။ တက်ရောက်လာသည့် ကျောင်းသားလူငယ်များမှလည်း ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်နေသည့် ကျောင်းသူ၊ ကျောင်းသားများထံမှ  သိမှတ်စရာများကို သေချာစွာမှတ်သားလိုက်နာကြရန်" ပြောကြားခဲ့သည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူးယစ်ရန်စွယ်ဒို့ကာကွယ်ခေါင်းစဥ်ဖြင့် Grade-8မှ မသီရိဇင်၊ Grade-9မှ မမြဖူးငုံ၊ မသော်ဇင်စိုးခိုင်၊ မောင်ဟိန်းသူရ​ဇော်၊ မောင်သူထူးပိုင်၊ မောင်အောင်ပြည့်ဖြိုးပိုင်တို့မှ ယှဥ်ပြိုင်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိတို့သိရှိမှတ်မိသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက်တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု(၂) ဆုတို့ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မှီမှီစိုးနှင့် ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်တို့မှ ချီးမြှင့်ခဲ့ပြီး အမေးအဖြေကဏ္ဍတွင် ဖြေဆိုနိုင်ခဲ့သည့် ကျောင်းသူနှစ်ဦးအား ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသား အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူဗဟုသုတရရှိတိုးပွားစေရေးအတွက် online စာမျက်နှာများဖွင့်လှစ်၍ သဘာဘေးအန္တရာယ် အမျိုးမျိုးအသိပညာပေး ထုတ်ပြန်ချက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ နေ့ထူးနေ့မြတ်များ၊ စာပေဗဟုသုတဆိုင်ရာများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဌေးလင်း (မင်္ဂလာဒုံ)