ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် ပုဗ္ဗသီရိမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်က ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းမှ မတိုးတိုးလွင် (Grade-11)က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဇင်ဖြိုး(Grade-9)က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းနုဝေ(Grade-8)က လူငယ်နှင့်မူးယစ်‌ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖူးအိမ့်ခင် (Grade-6)က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသစ္စာ(Grade-6)က လူငယ်နှင့်ယဥ်‌ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ် (ပုဗ္ဗ)