ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ဖြစ်နိုင်ချေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြော

ကျောက်ဆည် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကြက်ခြေနီအသင်းနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက ဘေးန္တရာယ်ဖြစ်နိုင်ချေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရုံးချုပ်)မှ စီမံချက်ကွင်းဆင်း အသိပညာပေးအရာရှိ ဦးဇင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်သင်းပျံပျံကြူနှင့် အသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးပြည်စိုးနှင့် အသင်းဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်သင်းပျံ့ပျံ့ကြူက အန္တရာယ် ဖြစ်နိုင်ချေသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြေပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ကြက်ခြေနီအသင်းမှ ဒုတပ်ကြပ် ဦးနေမင်းခန့်က မိုင်းအမျိုးအစားများအကြောင်း၊ ပေါက်ကွဲသက်ရောက်မှုများနှင့် ပုံပန်းသဏ္ဍာန်များအကြောင်း၊ အန္တရာယ်သတိပေး သဲလွန်စများနှင့် အန္တရာယ်ရှိသော နေရာများကို ရှောင်ရှားနိုင်ရန် နည်းလမ်းများအကြောင်းနှင့် တပ်ကြပ်ကြီး ဦးဘိုဘိုဟန်က အန္တရာယ်သတိပေး အမှတ်သားများအကြောင်း၊ မပေါက်ကွဲသေးသည့် လက်နက်ပစ္စည်းများ တွေ့ရှိပါက ဘေးကင်းအောင်နေထိုင်ခြင်း၊ မိုင်းကွင်းအတွင်းသို့ ရောက်ရှိပါက လိုက်နာရမည့် အကြောင်းများအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဒုတပ်ကြပ်ဦးအောင်ဖုန်းမြတ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ခံရပါက လိုက်နာရမည့် နည်းလမ်းများနှင့် မိမိမသိကျွမ်းသော သံသယဖြစ်ဖွယ်ပစ္စည်းများ တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုရေးနှင့် သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ခြင်း၊ နယ်မြေအသစ်သို့ ခရီးသွားမည် ဆိုပါက အန္တရာယ်ရှိ/မရှိ ကြိုတင်လေ့လာပြီး လူအများ အသုံးပြုသောလမ်းများမှ ခရီးသွားရေးအကြောင်းများ ဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စီမံချက် ကွင်းဆင်းအသိပညာပေး တာဝန်ခံအရာရှိ ဦးဇင်နိုင်ဦးက ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)