စီးပွားရေးနှင့်လူ့အခွင့်အရေး (Business and Human Rights) နှင့်ပတ်သက်သော ဆွေးနွေးပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည်ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား ယမန်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများသည် စီးပွားရေးနှင့်လူ့အခွင့်အရေး (Business and Human Rights)ကို သေချာစွာ သိရှိနားလည်ပြီး စီးပွားရေးအသိုက်အဝန်းတစ်ခုလုံးကို အထောက်အကူပြုစေမည့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာမှု လိုအပ်ချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများကို အသင်းချုပ်နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းဖြင့် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု၊ လူ့အခွင့်အရေးဆိုင်ရာရှင်းလင်းချက်များ၊ စီးပွားရေးနှင့်လူ့အခွင့်အရေးချိတ်ဆက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

အသင်းချုပ်မှ တာဝန်ရှိသူများကလည်း  အသင်းချုပ်၏ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုယ်စားပြု၍ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကိုလေးစားလိုက်နာခြင်းဖြင့် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ကြောင်း စသည်တို့ကိုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးအေးထွန်း၊ ဒေါက်တာမြဟန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးရဲမြင့်မောင်၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဦးအောင်ကြည်စိုးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)