မြစ်ကြီးနား နိုဝင်ဘာ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ကချင်ပြည် နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခြေခံအားကစားအဆောက်အအုံများ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၁၇၉ ဒဿမ ၆၀၀)သန်းဖြင့် (၁၈၀ × ၆၀ × ၃၆)ပေရှိ ဂျူဒို၊ အေရိုးဗစ်နှင့် GYM လေ့ကျင့်ရေးအားကစားရုံ RC (၃)ထပ်အဆောက်အအုံသစ် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ အဆိုပါကွင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၃၉၂)သန်းဖြင့် တည်ဆောက်လျက်ရှိသည့် (၁၂၀×၉၀×၃၅)ပေရှိ ပိုက်ကျော်ခြင်းအားကစားရုံ တည်ဆောက်နေမှုကိုလည်းကောင်း၊ ရေကူးကန်အနီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၃၉၆ ဒဿမ ၄၀၀)ဖြင့် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် (၉၀ × ၃၀ × ၃၆)ပေရှိ အားကစားသမားများနားနေဆောင် (၃)ထပ် RC အဆောက်အအုံသစ် တည်ဆောက်နေမှုများကိုလည်းကောင်း လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒုတိယဝန်ကြီးက အဆောက်အဦသစ်များအား အားကစားနည်းအလိုက် သတ်မှတ်စံနှုန်းများနှင့်အညီ အရည်အသွေးအဆင့်အတန်းပြည့်မီစွာ တည်ဆောက်နိုင်ရေး၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် အဆိုပါငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ၂၀၂၂-၂၀၂၃ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ဒေသခံလူငယ်များ ဖူဆယ်ဘောလုံး ယှဉ်ပြိုင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငြိမ်းချမ်းသာယာရေကူးကန် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် ရေကူးကန်ပတ်လမ်း ကြွေပြားအလှဆင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)