တံတားဦးမြို့တွင် ပေါ်ဦးပေါ်ဖျား မကျည်းတောပဲမြစ်များ ဈေးကောင်းရရှိ

တံတားဦး နိုဝင်ဘာ ၂၉

တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိုးရေနှင့် မြေအောက်ရေတို့ဖြင့် စိုက်ပျိုးထားသည့် ပဲမြစ်များသည် ပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။

ပဲမြစ်စိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းမွန်စွာပြုပြင်ထားရပြီး စိုက်ပျိုးမည့်မျိုးရွေးချယ်မှု အရေးကြီးကြောင်း မျိုးရွေးချယ်မှုမှန်ကန်မှသာ ပဲမြစ်အထွက်နှုန်းကောင်း၍ ရောင်းချရာတွင် ဝယ်ယူသူများပြားကြောင်းနှင့် တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့တစ်တင်းလျှင် ပဲမြစ်ပိဿာချိန်(၁၃၀၀)ကျော် ထွက်ရှိပါကြောင်း၊ ပဲမြစ်ကို ဝါဆိုလတွင် စိုက်ပျိုးရပါကြောင်း၊ စိုက်ပျိုးပြီးတစ်လခွဲအချိန်တွင် ပေါင်းသင်၊ မြက်နှုတ်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၆၀)တွင် ရေသွင်းပေးရပါကြောင်း၊ ထို့နောက် လေးလကြာလျှင်နောက်တစ်ကြိမ် ရေကိုထပ်မံသွင်းပေးရပါကြောင်း၊ သို့မှသာ ပဲမြစ်ဥ ကြီးထွားမည် ဖြစ်ကြောင်း ပဲမြစ်စိုက်ပျိုးသူ တောင်သူ ဦးသန်းဝေထံမှ သိရသည်။

ပဲမြစ်သီးနှံကို စိုက်ပျိုးသည့်ရက်မှ (၅)လအထိ ကြာမြင့်ကြောင်း မျိုးရွေးချယ်မှုမှန်ကန်ပြီး ထွန်ရေး၊ ထယ်ရေးနှင့် အပင်ပြုစုကောင်းမွန်ပါက တစ်ဧကကို ပဲမြစ်ပိဿာချိန် (၁၀၀၀)မှ (၁၃၀၀)ထိထွက်ရှိပြီး တစ်ပိဿာလျှင် ယခုအခါရောင်းရငွေကျပ်(၅၀၀၀) ရောင်းချရသဖြင့် ပဲမြစ်စိုက်ပျိုးသည့် တောင်သူများ အကျိုးအမြတ်များသည့်  သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပဲမြစ်အပင်သည် နွားစာအဖြစ် အသုံးပြုကြောင်းလည်း တောင်သူများထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)