မြိတ်မြို့တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ် ကျောင်းကျန်းမာရေး အသိပညာပေး၊ စစ်ဆေး၊ ကုသဆောင်ရွက်ပေး

မြိတ် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အထိမ်းအမှတ် အကြို လှုပ်ရှားမှုအဖြစ် မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြိတ်မြို့ အ.လ.က(၁) အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းနှင့် ကုသပေးခြင်းကို “ လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ” ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား အစားအစာများတွင် စားသုံးရန်မသင့်သော ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးများအကြောင်း သိကောင်းစရာကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စနစ်မှန်သွားတိုက်နည်းနှင့် လက်တွေ့ပြသပညာပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဟောပြောပညာပေးကြသည်။

ထိုနောက် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်းနှင့် သွားရောဂါကုသပေးခြင်း၊ ကိုယ်အလေးချိန်၊ အရပ်တိုင်းတာခြင်း၊ အသက်အရွယ်နှင့် အာဟာရစံနှုန်း (BMI) စစ်ဆေးတိုင်းတာခြင်း၊ ပျိုဖော်ဝင်မိန်းကလေးငယ်များအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ကျောင်းမုန့် ဈေးတန်းစစ်ဆေးခြင်း၊ မူလတန်းကလေးငယ်များအား စနစ်မှန်သွားတိုက်နည်း လက်တွေ့ဆောင်ရွက်စေခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။

ကျောင်းကျန်းမာရေး အသိပညာပေး စစ်ဆေးကုသဆောင်ရွက်ပေးရာတွင် ဒု-ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ယဉ်ယဉ်နွဲ့နှင့် ဒေါက်တာ ဝင်းချိုချိုအောင်တို့ ဦးဆောင်၍ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား/သူ(၄၁၇)ဦးကို ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဆေးကုသပေးခဲ့သူ (၂၅) ဦးရှိကာ သွားရောဂါအနေဖြင့် (၃၆)ဦးကို မြိတ်ပြည်သူဆေးရုံကြီးမှ သွားရောဂါအထူးကုဆရာဝန်ကြီးအဖွဲ့မှ ကုသမှုပေးခဲ့သည်။ ထိုသို့ ကျောင်းကျန်းမာရေး အသိပညာပေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်နေမှုအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)