မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး၊ ဆောင်းသီးနှံ (နေကြာ)၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) လျာထားချက်ဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် သီးနှံထွက်နှုန်းတိုးတက်ရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရန်အတွက် အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၏ မော်ဧရာအစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကားပြောကြားရာ သစ်စိမ်း မြေဩဇာစိုက်ပျိုး၍ ပြုလုပ်သုံးစွဲခြင်းအားဖြင့် အာဟာရပြည့်ဝသော မြေဆီမြေ နှစ်ရရှိခြင်း၊ နွေစပါး၊ ဆောင်းသီးထပ်သီးနှံအတွက် စိုက်ပျိုးရေလုံလောက် မှုရရှိစေရေး၊ တောင်သူ များ၏ ရေလိုအပ်ချက်ပေါ်မူတည်၍ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စိုက်ပျိုးရေ စနစ်တကျ သုံးစွဲနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသွင်းအားစုများနှင့် နည်းပညာများပံ့ပို့ဆောင်ရွက်ရန်၊ သီးနှံထွက်နှုန်း တိုးတက်ရေးအတွက် တွေ့ကြုံရသည့်အခြေအနေများနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)