ပခုက္ကူ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်းများ ဖြေဆိုခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဒေါ်သန္တာထွေးက HIV ရောဂါပိုးကူးစက်နိုင်သည့်နည်းလမ်းများ၊ HIV ရောဂါပိုးကူးစက်ခံရသူများအား ရောဂါကာကွယ်ရေးဆိုင်ရာပြုစုစောင့်ရှောက်မှုလုပ်ငန်းစဉ်များ၊ AIDS ရောဂါပိုးကူးစက်ခံရသူများ ခံစားရသည့်ရောဂါလက္ခဏာရပ်များ၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်းများအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အခြေခံပညာအထက်တန်းကျောင်းများမှ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်မှန်ကျွမ်းကျင် ဦးမင်းမင်းဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါနှင့် အမြင်အာရုံချို့ယွင်းမှုရှိ/မရှိအခြေအနေတို့ကို စနစ်တကျ ကြည့်ရှုစစ်ဆေး ပေးကြသည်။
ထို့အပြင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်း (၁၀၀) ဖြေဆိုပွဲကို ပခုက္ကူမြို့၊ အခြေခံပညာကျောင်းများ၌ ကျင်းပရာ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၂၆၀) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)