မြောင်းမြ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပသော မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးစကားပြောကြား

မြောင်းမြ       နိုဝင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြောင်းမြ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ကျင်းပသော လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃) နှင့် ပညာရေးဘွဲ့ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အားပေးစကားပြောကြားရာတွင် ရေခံမြေခံကောင်းသည့် ဧရာဝတီတိုင်းတွင် လူစွမ်းအားအရင်းအမြစ်၊ လူသားအရင်းအမြစ်တွေ ထွက်ပေါ်လာပြီး ကိုယ့်တိုင်းဒေသကြီးကို ပြန်လည်အကျိုးပြု ရမှာဖြစ်ကြောင်း၊   ကလေးငယ်များ၏ ပညာရေးနှင့် အနာဂတ်ဘဝတိုးတက်မြင့်မားရေးအတွက် ဆရာ/ဆရာမများတွင် တာဝန်ရှိ‌သောကြောင့် ယခုသင်တန်းကို တက်ရောက်သူများအနေဖြင့် ဇွဲ၊ လုံ့လ ထား၍ ကြိုးစားအားထုတ်ကြရန်လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း၊ ဆရာဆရာမများ ကဏ္ဍ မြှင့်တင်မှ တပည့်တွေက မြင့်လာမှာဖြစ်ကြောင်း၊ ဆရာဆရာမများသည် စာကိုလည်း သင်ပေးသလို လူကိုလည်း ပြင်ပေးရမှာဖြစ်ကြောင်း၊ ကလေးတွေ စာတတ်အောင် သင်ပေးရသလို၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ပြုပြင်ပေးရမှာဖြစ်ကြောင်း၊ ဆရာဆရာမ များသည်  တပည့်များက စံပြနမူနာထားစရာအဖြစ် ပြုမူပြောဆို နေထိုင်ကြရမှာဖြစ်ကြောင်း၊  ပညာပြည့်ဝ၊ နှလုံးလှဆိုသည့်အတိုင်း အနာဂတ်သားကောင်းရတနာ၊ တပည့်ကောင်းများ မွေးထုတ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းသို့တက်ရောက်လာကြသော မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ မော်ကျွန်း၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ‌သာပေါင်း၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကျုံပျော်၊ ကျောင်းကုန်း၊ ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊  ပန်းတနော်၊ မအူပင်၊  ဓနုဖြူ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ ဂွ၊ တောင်ဥက္ကလာပ၊ ဥက္ကံ၊ နေပြည်တော်၊ ပေါက်ခေါင်း၊ ရမည်းသင်း၊ ရေနံချောင်း၊ အောင်လံမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  မြောင်းမြပညာရေးဒီဂရီကောလိပ်အတွက် အလှူငွေ (၁၀) သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပါသည်။ ဆက်လက်ပြီး မြောင်းမြပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက  မြတ်မော်တင် စွန်းဘုရားအတွက် အလှူငွေ (၆)သိန်းကျပ် လှူဒါန်းပါသည်။ အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ရင်းနှီးစွာ နေ့လယ်စာ မိတ်ဆုံ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ယခုဖွင့်လှစ်သော လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃) သင်တန်းကို ယခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ့မှ စတင်ဖွင့်လှစ်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၀) ရက်နေ့အထိ၊ လေးနှစ်သင်ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းကို ယခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ့မှ စတင်ဖွင့်လှစ်၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့အထိ တက်ရောက်ရမယ်ဖြစ်ကြောင်းနှင့် PPTT (၁၀/၂၀၂၃) သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀၃) ဦးနှင့် ပညာရေးဘွဲ့ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၂၃) ဦး တက်ရောက်ကြကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)