ဓနုဖြူ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပုကွန်ကျေးရွာအုပ်စု၊ ပုကွန်ကျေးရွာ၊ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်းများ၊ ကျန်းမာရေး ဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများစသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြ သည့်ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာသက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)