ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ

ရွှေတောင် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝတိုးတက်ရေးတို့ကိုရည်ရွယ်၍ တောင်သူလယ်သမားများ လိုအပ်သောစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ၂၀၂၃-ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိ‌‌ကြောင်း သိရသည်။

ထိုသို့ ဆောင်းရာသီစိုက်ပျိုးစရိတ်‌‌ ချေးငွေများထုတ်ချေးမှုနှင့် ပတ်သက်၍  ရွှေတောင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဒေါ်သီသီလှိုင်က တက်ရောက်လာသော တောင်သူများအား ငွေချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြန်လည်ပေးဆပ်ရမည့် အခြေအနေများနှင့် ကြွေးကျေတောင်သူများကိုသာ ဦးစားပေးထုတ်ချေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလကုန် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်သူတစ်ဦးချင်း အချက်အလက်များ ဖြည့်သွင်းခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ချေးငွေထုတ်ပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ရွှေတောင်မြို့နယ်အနေဖြင့် ဧက(၁၀၀၀)ထုတ်ချေးရန် လျာထားမှုအနက် ယနေ့တွင် သရက်သုံးပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆)ရွာမှ တောင်သူ (၉၃)ဦး၏ ဧက (၂၀၄)ဧကအတွက် တစ်ဧကလျှင် ကျပ် (၁၀၀၀၀၀/)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၀၄၀၀၀၀၀/-) ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိကျေးရွာများမှ ကြွေးကျေတောင်သူများကိုလည်း ဆက်လက်ထုတ်ချေး‌‌ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)