ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ သိမ်တော်ကြီး-ကမော့ကစင်လမ်း၊ မြေသားလမ်း ၃ ဒဿမ ၀၄၁ ကီလိုမီတာအား ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၁၉၉၂ ဒဿမ ၃၆၀ သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာန၊ ရွှေဇေယျာတံခွန်ကုမ္ပဏီနှင့် ထူးမြတ်ဂုဏ်ကုမ္ပဏီတို့မှ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ RCC Box Culvert များ တည်ဆောက်ခြင်း၊ ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း တွဲလျက်တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းခင်းနိုင်ရေး အမာခံကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကွန်ကရစ်လုပ်ငန်း ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှု၊ Box Culvert နှင့် ကျောက်စီမြေထိန်းနံရံ၊ ရေမြောင်းတည်ဆောက်ခြင်း ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ အဆိုပါလမ်းလုပ်ငန်းဆောင်ရွက်နေမှုအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ ရသဝေါအင်း ကန်ပတ်လမ်း ၆၅၀၀ ပေခန့်အား ဖောက်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် မြေပြင်ကွင်းဆင်းတိုင်းတာ တွေ့ရှိမှုနှင့် ကန်ပတ်လမ်းဖောက်လုပ်နိုင်ရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လူသွားလမ်းအကျယ် ၁၂ ပေခန့်အား တာဘောင်ဖို့ကန်ပတ်လမ်းအဖြစ်ဆောင်ရွက်ရန်၊ လူနေအိမ်၊ ဥယျာဉ်ခြံများနှင့် မလွတ်ကင်းသည့် နေရာများ ရှောင်ကွင်းဆောင်ရွက်ရန်၊ ကုန်ကျစရိတ်အား တွက်ချက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားရန်နှင့် အများပြည်သူ အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်သော နေရာတစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ ကန်ပတ်လမ်းဖောက်လုပ်မည့်လျာထားနေရာများ၊ ရသဝေါအင်းတမံနှင့် ရေတံခါးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် သင်တန်းထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲနှင့် ထုတ်ကုန်ပစ္စည်းပြပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးမတည်ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  ပြည်နယ်၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဆောင်ရွက်ခဲ့သည့်  အသက်မွေး ဝမ်းကျောင်းပညာသင်တန်းများမှ လုပ်ငန်းထူထောင်နိုင်ရန်အတွက် သတ်မှတ်ချက်နှင့် ပြည့်စုံသောထူးချွန်သင်တန်းသား ၂၀ ဦးကို ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများကို စီမံကိန်းလက်စွဲစာစောင်နှင့်အညီ အသုံးပြုနိုင်ရေး ပေးအပ်သွားမည်ဖြစ်သည့်အတွက် လက်ခံရရှိပြီးသည့်အခါ အသေးစားကုန်ထုတ်လုပ်ငန်းများကို မဖြစ်မနေ ထူထောင်သွားရမည်ဖြစ်ကြောင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်ပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင် လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာခြင်းတို့ကြောင့် မိသားစုဝင်ငွေ တိုးပွားလာပြီး နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီးနောက် အောင်မြင်သည့် လုပ်ငန်းရှင်ကြီးများဖြစ်အောင်၊ ဒေသအကျိုး နိုင်ငံအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံစက်ချုပ်သင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်ခြင်းသင်တန်းတို့မှ ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား ၎င်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးမတည်ပေးအပ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးချွန်သင်တန်းသား၊ သင်တန်းသူများ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ ရင်းနှီးမတည်ပေးအပ်ပွဲတွင် စက်ချုပ်နည်းပညာသင်တန်းတစ်ခုအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှစ်ခုအတွက် စားသောက် ကုန်ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း သင်တန်းတစ်ခုအတွက် လျှပ်စစ်ပစ္စည်းပြုပြင်သည့် ဆက်စပ်ပစ္စည်းများ စသည်ဖြင့် သင်တန်းတစ်ခုလျှင် ထူးချွန်သင်တန်းသား ၅ ဦးအားရွေးချယ်၍ ငွေကျပ် သိန်း ၅၀ စီခန့်တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးမတည်ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)