ပွင့်ဖြူ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလဆန်းပိုင်းကစပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက လေးထောင်ကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိက စိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ၊ ဆင်းသုခ၊ မနောသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ဧရာပဒေသာ စသည့် စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၄၃၆၃ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧက ပျမ်းမျှ ၉၀ ဒသမ ၂၂ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်တွင် ဆည်ရေသောက်ဧရိယာ အများဆုံးရှိသည့် မြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ် ဆန်စပါးထွက်ကုန် အများဆုံး စိုက်ပျိုးထုတ်လုပ်ပေးနိုင်သဖြင့် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာဖူလုံစေရန် အထောက်အပံ့ပေးလျက်ရှိကြောင်းနှင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး သတ်မှတ်လျာထားဧက ၆၉၉၄၃ ဧက တွင် မြေပြင် စိုက်ပျိုးနိုင်မှုဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)