လားရှိုးမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင် အလှူရှင်များက တည်းခိုရေးနှင့် စားသောက်စရာများ ကူညီပေး

လားရှိုး နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ယမန်နေ့က ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင် အလှူရှင်များက တည်းခိုနေထိုင်ရေးနှင့် စားသောက်စရာများကို စီစဉ်ပေးလျက်ရှိ ကြောင်း သိရသည်။

လားရှိုးမြို့သို့ လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ သိန္နီမြို့များမှ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားအများအပြားသည် ယာယီနေရပ်စွန့်ခွာရန် တောလမ်းများမှတစ်ဆင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“လားရှိုးမြို့ကို ရောက်လာတဲ့ ယာယီနေရပ်စွန့်ခွာသူတွေအနေနဲ့ လားရှိုးမြို့အဝင်က ဟိုပိတ်ဘုန်းကြီးကျောင်းနဲ့ မြို့ရှောင်လမ်းက ဘုန်းကြီးကျောင်းတွေမှာ တည်းခိုကြတယ်။ သူတို့အတွက် စေတနာရှင် အလှူရှင်တွေက စားသောက်နေထိုင်ရေး စီစဉ်ပေးကြပါတယ်။” ဟု အလှူရှင်တစ်ဦးကပြောသည်။

ယာယီနေရပ်စွန့်ခွာသူအများစုသည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ရက်အတန်ကြာလမ်းလျှောက် လာခဲ့ကြရခြင်းဖြစ်ပြီး အချို့မှာ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာသူအများစုသည် လားရှိုးမြို့မှတစ်ဆင့်  သီပေါ -နမ့်လန် - ကျောက်ဂူ - အင်တော - ရပ်စောက်လမ်းအတိုင်း အနယ်နယ်အရပ်ရပ်သို့ ပြန်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)