လားရှိုး နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားသောတိုက်ပွဲဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများအတွက် စေတနာရှင် အလှူရှင်များက ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ပရဟိတအဖွဲ့များက အလှူရှင်များကိုယ်စား သွားရောက်ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလှူရှင်များလှူဒါန်းသည့်ပစ္စည်းများကို ယမန်နေ့က လားရှိုးမြို့၊ မြှောင်ဇီးဓမ္မစာသင်ကျောင်းသို့ သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
“ ကျွန်တော်တို့အသင်းရုံးကို လာရောက်လှူဒါန်းကြတဲ့ အနွေးထည်၊ စောင်၊ မိုးကာ၊ ဖိနပ်နဲ့ အစားအသောက်ပစ္စည်းတွေကို လားရှိုးမြို့က လိုအပ်တဲ့ယာယီနေရပ်စွန့်ခွာစခန်းတွေကို သွားရောက်လှူဒါန်းပေးပါတယ်။ ယာယီနေရပ်စွန့်ခွာစခန်းတိုင်းကို သွားပြီး လိုအပ်သလို လှူပေးနေပါတယ်။ စေတနာရှင် အလှူရှင်တွေကလည်း လာရောက်လှူဒါန်းကြပါတယ်။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ ကိုဝသုန်ကပြောသည်။
လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယား ဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအပါအဝင် ယာယီနေရပ်စွန့်ခွာစခန်း (၂၀)နီးပါးခန့်ထိ ရှိနေကြောင်းသိရသည်။
စိုင်းထွန်း(လားရှိုး)